ကြောင်ကုတ်နာ (Cat Scratch Syndrome)
"ကြောင်ကလေးက လက်သည်းဖွက် ချောင်းလိုက်ရတဲ့ကြွက်" ဆိုပြီး ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေး ရှိပါတယ်။ လက်သည်းမဖွက်တတ်တဲ့ ကြောင်ကလေးနဲ့ တွေ့ရင်တော့ ကုတ်ရာခြစ်ရာတွေနဲ့ဟူးမန်း (Human) ဖြစ်လာပါလိမ့်မယ်။ ကုတ်ရာ၊ ခြစ်ရာ၊ ကိုက်ရာတွေကတဆင့် ကြောင်ကုတ်နာ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။
ကြောင်ကုတ်နာဆိုတာ ဘာလဲ?
ကြောင်ကုတ်နာဆိုတာ ကြောင်ကုတ်တာ၊ ကိုက်တာ၊ လျက်တာခံရတဲ့အခါ ကြောင်ရဲ့တံတွေးထဲမှာပါတဲ့ ဘက်တီးရီးယားတွေကတဆင့် လူကိုကူးစက်ပြီး ပိုးဝင်တဲ့ လက္ခဏာတွေ ပေါ်လာတာပါ။
ဘက်တီးရီးယားတွေဟာ ကြောင်ရဲ့ သန်းတွေက တဆင့် ကြောင်ကို ကူးစက်ပြီး အဲဒီကြောင်က လူကိုကိုက်တာဖြစ်ဖြစ်၊ ကုတ်ပြီးပေါက်ပြဲသွားတဲ့အနာကို လျက်တာဖြစ်ဖြစ်၊ နဂိုရှိနေပြီးသားအနာကို လျက်တာဖြစ်ဖြစ်ကြောင့် လူဟာ ကြောင်ကုတ်နာ ကူးစက်ခံရနိုင်ပါတယ်။
ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲဆိုရင်
- ကြောင်နဲ့လက်ပွန်းတတီးနေသူတွေ (အထူးသဖြင့် လက်သည်းမဖွက်တတ်တဲ့ ကြောင်ငယ်လေးတွေ)
- ကြောင်ကုတ်တာ၊ ကိုက်တာ ခံရပြီးပြီးချင်း ဒဏ်ရာကို သန့်ရှင်းရေးမလုပ်သူတွေ
- မိမိရဲ့ ရှိပြီးသား ဒဏ်ရာကို ကြောင်လျက်တာ ခံသူတွေ
- ကြောင်သန်းကိုက်ခံရသူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ဒါ့အပြင် အောက်ပါ ရောဂါလက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
- အကိုက်ခံအကုတ်ခံရတဲ့ နေရာက ရက်ပိုင်းအတွင်း နီရဲရောင်ရမ်းလာပြီး တော်တော်ကြာတဲ့အထိ အနာမကျက်တာ ဒါမှမဟုတ် ပိုဆိုးလာတာ
- အကိုက်ခံရတဲ့နေရာအနီးက ပြန်ရည်ဂလင်းတွေ ရောင်လာနာလာတာ (ဥပမာ ဂျိုင်း၊ ပေါင်ခြံနဲ့ လည်ပင်းက ပြန်ရည်ဂလင်းတွေ)
- ဖျားတာ၊ ခေါင်းကိုက်တာ၊ အစားအသောက်ပျက်တာ၊ အဆစ်အမြစ်တွေကိုက်ခဲတာ စတဲ့ တုပ်ကွေးလို လက္ခဏာတွေဖြစ်တာ
- ခန္ဓာကိုယ်မှာ အနီစက်တွေ ဖြစ်တာ
- ဆီးချိုရောဂါအခံ ရှိသူတွေမှာ အနာမကျက်ဘဲ ပြည်တည်နာအထိ ဖြစ်တာ စတာတွေပါပဲ။
ဒီလိုလက္ခဏာတွေ ပေါ်လာရင်၊ မသက်သာရင် ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ရောဂါရာဇဝင် စစ်ဆေးတာ၊ လူနာကို စမ်းသပ်စစ်ဆေးတာ၊ လိုအပ်ရင် သွေးဖောက်စစ်ဆေးတာတွေ လုပ်ရပါမယ်။
ဘယ်လိုကုသမလဲ?
အဓိကကတော့ သင့်တော်တဲ့ ပိုးသတ်ဆေးတွေ လိုအပ်မှာပါ။
အဖျားပျောက်ဆေး၊ အကိုက်အခဲသက်သာတဲ့ဆေး၊ ရောင်ရမ်းတာသက်သာတဲ့ဆေး၊ ကိုယ်ခံအားကောင်းစေတဲ့ဆေး စသဖြင့် လူနာအခြေအနေပေါ်မူတည်ပြီး လိုအပ်နိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ?
ကြောင်ကုတ်နာ မဖြစ်စေဖို့ အကောင်းဆုံးကာကွယ်နည်းတွေကတော့
- ကြောင်ကုတ်တာ၊ ကိုက်တာမခံရအောင် နေနိုင်ရင် အကောင်းဆုံးပါ။
- မနေနိုင်လို့ ကုတ်ခံကိုက်ခံရရင် ရေ၊ ဆပ်ပြာတို့နဲ့ ချက်ချင်း စင်ကြယ်စွာ ဆေးကြောပါ။ အရက်ပြန်နဲ့ ဘီတာဒင်းလိမ်းပြီး ပိုးသတ်ပါ။
- အနာရှိနေရင် ကြောင်ကမလျက်မိအောင် သတိထားပါ။
- ကြောင်ကို သန်းချပါ။
- ရောင်လာနာလာတာနဲ့ ဆရာဝန်နဲ့ ပြသပါ။
ကြောင်ကုတ်နာက ကုသစရာလိုတဲ့ထိ မဖြစ်ဘဲ သူ့အလိုလိုလည်း ပျောက်ကင်းနိုင်ပါတယ်။ HIV/AIDS လူနာတွေ၊ ကင်ဆာဆေးသွင်းနေရတဲ့လူနာတွေနဲ့ ဆီးချိုလူနာတွေလို ကိုယ်ခံအားနည်းတဲ့သူတွေမှာတော့
- Bacillary angiomatosis လို့ခေါ်တဲ့ အရေပြားနီရဲရောင်ရမ်းပြီး ငါးအကြေးခွံလို ဖြစ်ကာ ခန္ဓာကိုယ် အတွင်းအင်္ဂါတွေထိရောက်တဲ့ ရောဂါနဲ့
- Parinaud's oculoglandular syndrome လို့ခေါ်တဲ့ မျက်သားရောင်ရမ်းနီရဲပြီး ပြန်ရည်ဂလင်းတွေရောင်ကာ အဖျားတက်တဲ့ ရောဂါတွေအထိ ဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။
ဒါ့အပြင် ခွေးရူးပြန်ကာကွယ်ဆေးထိုးမထားတဲ့ကြောင် ကုတ်တာ၊ ကိုက်တာခံရရင် ခွေးရူးပြန်ရောဂါလည်း ကူးစက်နိုင်တာမို့ ကြောင်ကုတ်တာ၊ ကိုက်တာမခံရဖို့ ကာကွယ်ကြပါ ဟူးမန်းတို့ရေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်